ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော မြစ်ချောင်းဒေသ ဟု အဓိပ္ပာယ်ရသည်။ ယင်းဒေသကို မနုဿပထဝီဗေဒနှင့် သမိုင်းပညာရပ်များ စသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀) လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဌာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးမြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။ မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိ ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားပြည် နှင့် ဗီယက်နမ်ပြည်တောင်ပိုင်း၊ မလေးရှားပြည်မြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်သည်။ မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ ကရင်သက္ကရာဇ်ရေတွက်ခြင်း ဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသား သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။ သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေ့မေ့ယွား တွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်သည်။ ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။ အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ ဗမာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်တွင် ခဲ့ဟန်ရှိသည်။ ဗမာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး (၃၀) တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူမျိုးများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတလျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။
ကိုးကား - https://my.wikipedia.org
၁၉၃၆ ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
ကရင်နှစ်သစ်ကူးနေ့(ကရင်အမျိုးသားနေ့)
ကရင်အမျိုးသားသီချင်း
ကရင်အမျိုးသားအလံတော် စသည်တို့ကို တောင်းဆိုခဲ့ကြသည်၊၊
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ကြရန် မေတ္တာရပ်ခံခဲ့သည်။ ရောက်ရှိလာသော ကရင်အလံပုံစံ တစ်ရာအနက်မှ မန်းဘခင်(ဝန်ကြီးဟောင်း) ရေးဆွဲသောအလံပုံစံကို အတည်ပြု ရွေးချယ်ခဲ့သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင် ဖြစ်သည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲ၍ စိုက်ထူကြသည်။
wikipedia.org
မန်းဘခိုင် - အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီး
မန်းဝင်းမောင် - ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတ
စောဘဦးကြီး - ကရင် အမျိုးသား အစည်းအရုံး ၏ ပထမဆုံး ခေါင်းဆောင်
နော်လွီဇာ ဘင်ဆင် - မယ်ဗမာ ၂ထပ်ကွမ်း
မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စံချိန်တင်ခဲ့သူအဆိုတော် ဗဒင်
အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်း ကိုတည်ထောင်သူ စောဘွဲ့မှူး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ
ဒေါက်တာ စင်သီယာမောင် - လူမှုကူညီရေးများအတွက် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုတိုင်အောင် ချီးမြှင့်ခံရသူ
စိုးမြတ်မင်း - မြန်မာ့လက်ရွေးစင်ဘောလုံးသမား
ချစ်စမ်းမောင် - ဂစ်တာပညာရှင်
wikipedia.org